ရာသီဥတုကြောင့် အသက်ရှူလမ်းကြောင်းမှာဖြစ်တဲ့ ဓာတ်မတည့်ခြင်း
ရာသီဥတု အကူးအပြောင်းတွေမှာ လူအများစုဟာ ဖျားနာကြ၊ တုပ်ကွေးကွေးကြ၊ နေထိုင်မကောင်း ဖြစ်လေ့ရှိကြပါတယ်။ အဲဒီလိုပဲ ရာသီဥတုကြောင့် အသက်ရှူလမ်းကြောင်းမှာ ဓာတ်မတည့်ခြင်းမျိုးလည်း ဖြစ်တတ်ပါတယ်။
မကြာခဏ နှာစေးနှာရည်ယို၊ နှာခေါင်းယားယံပြီး နှာချေတာ၊ ရင်ကြပ်အသက်ရှူကြပ်တာမျိုးတွေ ဖြစ်နေရင် အသက်ရှူလမ်းကြောင်းမှာ ဓာတ်မတည့်ခြင်း ဖြစ်နိုင်တာကို ထည့်သွင်းစဥ်းစားဖို့ လိုပါလိမ့်မယ်။
ရာသီဥတုကြောင့် ဓာတ်မတည့်တဲ့ လက္ခဏာများ…
- နှာရည်ယိုတာ
- နှာခေါင်းပိတ်တာ
- နှာချေတာ
- မျက်စိယားယံတာ
- မျက်ရည်ကျတာ
- အရေပြားယားယံတာ
- ချောင်းဆိုးတာ
- ရင်ဘတ်ထဲက တရွှီရွှီမြည်ပြီး ရင်ကြပ်တာ
- အရေပြားတွေ ခြောက်သွေ့အက်ကွဲလာတာ စတဲ့လက္ခဏာတွေက ရာသီဥတုကြောင့် ဓာတ်မတည့်ရင် ဖြစ်တတ်တာတွေပါ။
ပူပြင်းခြောက်သွေ့ပြီး လေရူးဝှေ့တဲ့ နွေရာသီ
နွေရာသီက လေထုညစ်ညမ်းမှု အများဆုံးရာသီ ဖြစ်ပါတယ်။ ပူပြင်းပြီး ခြောက်သွေ့သလို လေရူးတွေ ပြေးဝှေ့နေတတ်တဲ့ နွေရက်တွေမှာ လွင့်ပျံနေတတ်တဲ့ ပန်းဝတ်မှုန်တွေဟာ ဓာတ်မတည့်ခြင်းကို အဓိက ဖြစ်စေတတ်တဲ့ အရာတွေပါပဲ။ ပန်းဝတ်မှုန်တွေ လေထုထဲမှာ အများဆုံးရှိတတ်တာကတော့ ညနေပိုင်းအချိန်တွေပါ။ ဒါ့အပြင် ပေါ့ပါးပြီး လေနှင်ရာသယ်ဆောင်သွားနိုင်တဲ့ ဖုန်မှုန့်တွေကလည်း အသက်ရှူလမ်းကြောင်းထဲကို ဝင်ရောက်ပြီး ဒုက္ခပေးတတ်ပါသေးတယ်။
စိုစွတ်ပြီး မိုးရွာတဲ့ ဝဿန်မိုးရာသီ
မိုးရာသီမှာ လေတိုက်တဲ့အခါ ပန်းဝတ်မှုန်တွေက လွင့်ပျံနိုင်သေးပေမယ့် မိုးရေစိုစွတ်သွားတဲ့အခါ ပန်းဝတ်မှုန်တွေက လေးလံသွားပြီး လေနဲ့အတူ ဝေးဝေးမရောက်နိုင်တော့ဘဲ မြေပြင်ပေါ်ကိုသာ ကျရောက်စေတဲ့အတွက် ပန်းဝတ်မှုန်ကြောင့် ဓာတ်မတည့်တာတွေ လျော့နည်းသွားနိုင်ပါတယ်။ ဒါပေမယ့် မိုးရာသီမှာ စွတ်စိုထိူင်းမှိုင်းမှုကြောင့် နံရံတွေ၊ ပရိဘောဂတွေ၊ ပစ္စည်းတွေမှာ ကပ်ငြိပေါက်ဖွားနေတတ်တဲ့မှိုပိုးတွေကြောင့် အသက်ရှူလမ်းကြောင်းမှာ ဓာတ်မတည့်တဲ့ လက္ခဏာတွေ ခံစားရနိုင်ပါသေးတယ်။
အေးမြတဲ့ ဆောင်းရာသီ
ဆောင်းရာသီရဲ့ လေအေးတွေနဲ့ အေးမြတဲ့ အပူချိန်ဟာ ပန်းနာရင်ကြပ်သမားတွေကို ရောဂါထကြွစေတဲ့ အရာတွေပါ။ ဒါကြောင့် ပန်းနာရင်ကြပ်ရှိသူတွေဟာ ဆောင်းရာသီရောက်တာနဲ့ နွေးနွေးထွေးထွေး နေသင့်သလို ရှူနေကျဆေးတွေ၊ သောက်နေကျဆေးတွေ မပြတ်စေဖို့ ဂရုစိုက်ရမှာ ဖြစ်ပြီး အရေးပေါ်ဆေးတွေလည်း အဆင်သင့်ရှိနေဖို့ လိုအပ်ပါတယ်။
ရာသီဥတုကြောင့် ဓာတ်မတည့်ခြင်း နည်းအောင် ဘာလုပ်သင့်သလဲ?
ရာသီဥတု အပြောင်းအလဲတွေကို အမြဲဂရုပြုနေဖို့ လိုပါတယ်။
- အပြင်မှာ လေထန်နေရင် အိမ်ထဲမှာပဲ နေတာ
- အပြင်ထွက်ရင် Mask တပ်တာ၊ နေကာမျက်မှန်တပ်တာ
- မိုးရာသီမှာ စိုထိုင်းဆနည်းပြီး မှိုတွေမပေါက်ဖွားနိုင်အောင် Dehumidifier တပ်တာ
- လေသန့်စင်စက် Air Putrifier တပ်ထားတာ
- ဆရာဝန်ကို မေးမြန်းတိုင်ပင်ပြီး ရောဂါလက္ခဏာတွေ ခံစားရရင် အမြန်ဆုံးသက်သာအောင် လုပ်နိုင်မယ့်ဆေးတွေ (ဥပမာ…Antihistamine, Decongestants, Antitussive Drugs) ကို အသင့်ဆောင်ထားတာတွေက ဓာတ်မတည့်ခြင်းတွေ နည်းအောင် ကူညီပေးနိုင်မှာပါ။
ရာသီဥတုကိုတော့ ပြောင်းလဲလို့ မရနိုင်ပါဘူး။ ရာသီဥတုကတော့ သူ့အချိန်နဲ့သူ လည်ပတ်နေမှာမို့ အသက်ရှူလမ်းကြောင်း ဓာတ်မတည့်တာ ခံစားရလေ့ရှိသူတွေဟာ မိမိကိုယ်ကိုရော၊ ရာသီဥတုကိုပါ သတိထား၊ ဂရုစိုက်နိုင်ပါမှ နှာရည်တရွှဲရွှဲ၊ နှာတချေချေ၊ အသက်ရှူသံ တရွှီရွှီ ဘဝကနေ လွန်မြောက်နိုင်ပါလိမ့်မယ်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်